ဆန်တိုဆာကျွန်းမှာ စင်ကာပူနိုင်ငံတွင် တည်ရှိသည်။ ယခင်က ပူလိုဘလန်ကင်မာတီ (Pulau Blakang Mati)ဟု ခေါ်သည်။ အပန်းဖြေကျွန်း တစ်ကျွန်းဖြစ်သည်။ ယခင်က ဗြိတိသျှစစ်တပ်၏ အခြေစိုက်စခန်း၊ ဂျပန်စစ်အကျဉ်းထောင်တို့ ဖြစ်ခဲ့ကာ ဂျပန်ခေတ်က တရုတ်များစွာ အသတ်ခံခဲ့ရသောနေရာ ဖြစ်သည်။ ၁၉၇၂ တွင် ဆန်တိုဆာအမည်ဖြင့် နိုင်ငံခြားသားများ လည်ပတ်ရာနေရာ ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် စင်ကာပူနိုင်ငံ၏ နာမည်ကြီး အပန်းဖြေနေရာဖြစ်လာပြီး တစ်နှစ်လျှင် ခရီးသည် ၂ သန်းခန့် လာရောက်လည်ပတ်လျက်ရှိသည်။အပန်းဖြေနေရာအဖြစ် ၂ ကီလိုမီတာ (၁.၂မိုင်) ရှည်လျားသော ကမ်းခြေ၊ ဆီလီဆိုခံတပ်၊ ဂေါက်ကွင်း ၂ ကွင်း၊ မာလိုင်းယွန်း (Merlion)၊ ဟိုတယ် ၁၄ လုံး၊ ရီဆော့များအပြင် နာမည်ကျော် ယူနီဗာဆယ်စတူဒီယိုနှင့် စင်ကာပူ၏ ကာစီနို ၂ ရုံမှ ၁ ရုံတို့ တည်ရှိသည်။
ဆန်တိုဆာ (Sentosa) ကို မလေးရှားဘာသာအရ ငြိမ်းချမ်းခြင်းဟု အဓိပ္ပာယ်ရသည်။ဆန်တိုဆာကို ယခင်က ပူလိုဘလန်ကင်မာတီ (Pulau Blakang Mati)ဟုခေါ်တွင်ကာ မလေးဘာသာအရ "Island of death Behind" ဟုအဓိပ္ပာယ်ရသည်။ ၁၆၀၄ခုနှစ် စင်ကာပူ၏မြေပုံတွင် ပူလိုဘလန်ကင်မာတီဟူသော အမည်ကို တွေ့ရသည်။
ဤကျွန်းမှာ နာမည်တော်တော်များများ ပြောင်းခဲ့သည်။ ၁၈၃၀ မတိုင်ခင်က ပူလိုပန်ဂျန် (Pulau Panjang)("long island") ဟု ခေါ်တွင်ကြသည်။ ၁၈၂၈ ခုနှစ် စင်ကာပူမြေပုံအရ ဤကျွန်းကို Po. Panjang အဖြစ်တွေ့ရပြန်သည်။ ၁၈၃၄ တွင် ကျွန်းပေါ်ရှိ တောင်ကို မလေးရွာသားများက ဘလန်ကန်မာတီဟု အမည်ပေးခဲ့သည်။ ဤကျွန်းအတွက် မလေးတို့၏ ဘာသာစကားအရ ဘာသာပြန်လျှင် "dead back" (သို့မဟုတ်) "behind the dead"ဟု အဓိပ္ပာယ်ရသည်။
၁၈၂၇ တွင် ဘန်ဂေါအင်ဂျင်နီယာအဖွဲ့၏ ခေါင်းဆောင် အက်ဝက်လိတ်၏ အစီရင်ခံစာတွင် ဘလန်ကန်မာတီကျွန်း၏အမည်ကို စိန့်ဂျော့ကျွန်းဟု ပါရှိသည်။
စင်ကာပူ ခရီးသွားမြှင့်တင်ရေးဘုတ်အဖွဲ့၏ ၁၉၇၂ ခုနှစ်တွင် ကျင်းပသော ပြိုင်ပွဲတွင် ဆန်တိုဆာဟု အမည်ပြောင်းခဲ့သည်။ ၁၉၈၀ မှ ၁၉၉၀ အတွင်း ကျွန်းပေါ်တွင် ခရီးသွားလာရေးအတွက် ဖော်ဆောင်လာကြသည်။
၁၉ရာစုတွင် ဤကျွန်းမှာ အရေးပါသော ကျွန်းတစ်ကျွန်းဖြစ်ခဲ့သည်။ စင်ကာပူပိုင်နက်အတွက် စစ်ရေးအရ အရေးပါသော ကျွန်းဖြစ်လာသည်။ ထိုကျွန်းပေါ်တွင် တည်ဆောက်ထားသောခံတပ်များမှာ ဆီလိုဆိုခံတပ်၊ ဆာရာဖောင်ခံတပ်၊ ကွန်နတ်ခံတပ်နှင့် အင်ပီယာတောင်တို့ ဖြစ်သည်။ ပူလိုဘလန်ကင်မာတီ၏ အနောက်ပိုင်းအစွန်းတွင် ဆီလိုဆိုခံတပ်ရှိသည်။သို့သော် ထိုခံတပ်ကို အမည်ခေါ်ဝေါ်ပုံကို မည်သူမျှမသိကြပေ။
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့၏ ပိုင်နက်ဖြစ်ခဲ့သည်။ ဗြိတိသျှတို့က ကျွန်းပေါ်ရှိ နေရာအနှံ့အပြားတွင် ကြီးမားသော သေနတ်ခံတပ်များကို တပ်ဆင်ခဲ့ကြသည်။ ဒဏ္ဍာရီများအရ ထိုသေနတ်များမှာ စစ်အတွင်းက မြောက်ဘက်ရှိ ပစ်မှတ်ကို မချိန်နိုင်ခဲ့ကြောင်း ပြောကြသည်။ သို့သော် ထိုအရာမှ မှားယွင်းနေသည်။ သေနတ်များတွင် ဆုံလည်များ တပ်ဆင်ထားသည်။ သို့သော် ဂျပန်များက စင်ကာပူကို မြောက်ဘက်မှတောင်ဘက်သို့ ကျူးကျော် သိမ်းပိုက်ကာ မလေးယားသို့ ဆက်လက်ချီတက်ခဲ့ပြန်သည်။
၁၉၄၂ခုနှစ် ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် စစ်ရှုံးနိမ့်ခြင်းနှင့်အတူ ဆီလိုဆိုခံတပ်မှာ ထောင်တစ်ခု ဖြစ်လာခဲ့သည်။ ဂျပန်တို့၏ ဩစတြေးလျနှင့် ဗြိတိသျှ အကျဉ်းသားများ ထားရှိသည်။ဂျပန်တို့၏ လက်အောက်သို့ ရောက်နေချိန်တွင် ဆုတ်ချင်းတိုက်ပွဲမှ သံသယရှိသူ တရုတ်လူမျိုးများ ရက်စက်စွာ အသတ်ခံခဲ့ရသည်။ လူပေါင်း ၃၀၀ ကို သေနတ်ဖြင့် တရစပ် ပစ်သတ်ကာ ပူလိုဘလန်ကင်မာတီကမ်းခြေတွင် ပစ်ထားကြသည်။ ထိုသူများကို ဗြိတိသျှအကျဉ်းသားများက မြှပ်နှံခဲ့ကြသည်။
၁၉၄၅ ခုနှစ်တွင် ပစိဖိတ်ဒေသ၌ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ဗြိတိသျှတို့၏ အုပ်ချုပ်မှုလက်အောက်သို့ ရောက်ရှိကာ ၁၉၄၇တွင် ထိုနေရာမှာ ပထမဆုံးသော စင်ကာပူတပ်မဟာ၏ တပ်သားစုဆောင်းရေး(1st SRRA) အခြေစိုက်နေရာ ဖြစ်လာသည်။ စင်ကာပူဒေသတစ်ဝိုက်မှ တပ်သားသစ်များမှာ စင်ကာပူရှိ ဗြိတိသျှစစ်ဌာနများသို့ ပို့ဆောင်ခြင်းမခံရမီ ထိုနေရာသို့ ပို့ဆောင်ခြင်းခံရကာ အခြေခံ စစ်သင်တန်းပေးခံရသည်။ ၁၀ နှစ်အကြာတွင် 1st SRRA ကို ဖျက်သိမ်းခဲ့သည်။
၁၉၇၂ တွင် ဆန်တိုဆာဟု အမည်ပြောင်းလဲခဲ့သည်။ ထိုအမည်မှာ မလေးဘာသာစကားဖြစ်သော Sanskrit(Santosha)မှ ဆင်းသက်လာပြီး ငြိမ်းချမ်းခြင်းဟု အဓိပ္ပာယ်ရသည်။ ဆန်တိုဆာတိုးတက်ရေးကော်ပိုရေးရှင်းကို ၁၉၇၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းကာ ကျွန်းပေါ်တွင် ဖွံ့ဖြိုးရေးများ လုပ်ဆောင်ခဲ့သည်။ယ ထိုစဉ်မှစကာ စင်ကာပူဒေါ်လာ ၄၂၀ မီလီယံအပြင် အစိုးရဘတ်ဂျက် ၅၀၀ မီလီယံ ကို ရင်းနှီးမြှပ်နှံကာ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။ ၁၉၇၄ တွင် စင်ကာပူကေဘယ်လ်ကားစနစ်ကို တည်ဆောက်ခဲ့ကာ ဆန်တိုဆာနှင့် ဖေဘာတောင်ကို ဆက်သွယ်ထားသည်။ ၁၉၇၅ တွင် စင်ကာပူရေတပ်မှာ ထိုကျွန်းမှနေ၍ ပူလိုဘရန်နီကျွန်းပေါ်သို့ ပြောင်းသွားသည်။ နောက်ပိုင်းတွင် ခရီးသွားများကို ဆွဲဆောင်ရန် နေရာများစွာတည်ဆောက်ပြီး ဖွင့်လှစ်ခဲ့သည်။ ထိုအထဲတွင် ဆီလိုဆိုခံတပ်၊ လက်နက်ချချိန်ဘာ၊ ဖယောင်းပြခန်း၊ ဆန်တိုဆာရေပန်း၊ ရေအောက်ကမ္ဘာစသည်တို့ ပါဝင်သည်။ ၁၉၉၂တွင် တာရိုးတံတားကို ဖွင့်လှစ်ကာ ပင်မကျွန်းမကြီးနှင့် ဆက်သွယ်ခဲ့သည်။ ၁၉၈၂ တွင် ဆန်တိုဆာသို့ ရထားပြေးဆွဲခဲ့သည်။
၂၀၀၅ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရထားလိုင်းကို ရပ်စဲကာ ပရောဂျက်အသစ် စတင်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် စတင်ခဲ့သည်။စင်ကာပူအစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှတ်တမ်းအရ ဆန်တိုဆာပေါ်ရှိ ဘက်ပေါင်းစုံတည်ဆောက်မှုများက ဇီဝမျိုးကွဲများ လျော့ကျခြင်း၊ ဆေးဖက်ဝင်အပင်များ ပျက်စီးခြင်း၊ မြေဆီလွှာ တိုက်စားခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည်တို့ ဖြစ်နိုင်ကြောင်း တွေ့ခဲ့ရသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဖယ်ရှားခဲ့သော သစ်ပင်ကြီးငယ် ၂၀၀ ကျော်ကို ပြန်လည်စိုက်ပျိုးခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ခြေလျင်လျောက်တံတားအသစ်တစ်ခု တည်ဆောက်ခဲ့ပြန်သည်။
၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်က ကမ္ဘာပေါ်တွင် သမိုင်းဝင်ဖြစ်ရပ်ဖြစ်သော အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ တွေ့ဆုံမှုကို ဤကျွန်းပေါ်တွင် ကျင်းပခဲ့သည်။ဆန်တိုဆာကျွန်းကို စင်ကာပူအစိုးရမှ ရွေးချယ်ကာ တွေ့ဆုံရာ ကယ်ပယ်လာဟိုတယ်ကို အိမ်ဖြူတော်မှ ရွေးချယ်ခဲ့သည်။
ဧရိယာ ၅ km2 (၁.၉ sq mi) ခန့် ရှိသည်။ စင်ကာပူ ပင်မကျွန်း၏ တောင်ဘက်ခြမ်းမှ ၀.၅ ကီလိုမီတာခန့်တွင် တည်ရှိသည်။ စင်ကာပူ၏ စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်သည်။ ကျွန်း၏ ၇၀% ကို အလတ်တန်းမိုးသစ်တောများ ဖုံးလွှမ်းထားပြီး မော်နီတာပုတ်သင်ညို၊ မျောက်များ၊ ဒေါင်းများ၊ ကြက်တူရွေးများ ကျက်စားကြသည်။
ဆန်တိုဆာဥယျာဉ်
စင်ကာပူ ပင်မကျွန်းပေါ်မှ ဆန်တိုဆာသို့ ကေဘယ်ကား၊ ဘတ်စ်ကား၊ ရထား စသည်များဖြင့်ရောက်နိုင်သည်။
ဆန်တိုဆာတိုးတက်ရေးကော်ပိုရေးရှင်းမှ ဆန်တိုဆာကျွန်းရေရှည်တည်တံ့ရေး စီမံကိန်းများ ရေးဆွဲထားသည်။ ဆန်တိုဆာ၏ နေရာအချို့မှာ မူလအတိုင်းရှိနေသေးသည်။ ထိန်းသိမ်းရေးလုပ်ငန်းများကို ဧည့်သည်များသာမက ဝန်ထမ်းများပါ လုပ်ဆောင်ကြသည်။