ဘိုဂေါနန်းတော်သည် အင်ဒိုနီးရှား သမ္မတနန်းတော် ၆ ခုအနက် ၁ ခုဖြစ်ပြီး အနောက်ဂျာဗားပြည်နယ်၊ ဘိုဂေါမြို့တွင် တည်ရှိသည်။ နန်းတော်သည် ထူးခြားသော ဗိသုကာလက်ရာနှင့် သမိုင်းဝင်ဖြစ်ရပ်များကြောင့် ထင်ရှားပြီး ရုက္ခဗေဒဥယျာဉ်သည် နန်းတော်နှင့်ကပ်လျက် တည်ရှိသည်။ ဘိုဂေါနန်းတော်ကို ၁၉၆၈ ခုနှစ်တွင်မှ သမ္မတ ဆူဟာတို၏ ခွင့်ပြုချက်ဖြင့် အများပြည်သူများ အုပ်စုဖြင့် (တဦးချင်း ခွင့်မပြု) လည်ပတ်ခွင့် ပြုခဲ့သည်။ နန်းတော်၏ ဥယျာဉ်၏ အကျယ်သည် ၂၈၄,၀၀၀ စတုရန်းမီတာ (၂၈.၄ ဟတ်တာ) ရှိသည်။
ကိုလိုနီခေတ်တုန်းက ဘိုဂေါ၏ သမမျှတသော ရာသီဥတုကြောင့် ဤနန်းတော်သည် ဘုရင်ခံချုပ်၏ နှစ်သက်သော စံအိမ်ဖြစ်လာခဲ့သည်။ သမ္မတ ဆူကာနို၏ နှစ်သက်ခဲ့သော စံအိမ်တစ်ခုလည်း ဖြစ်ခဲ့ပြီး သမ္မတစံအိမ်အဖြစ် သူအာဏာအသိမ်းမခံရမီ ၁၉၆၇ ခုနှစ်ထိ နေထိုင်သွားခဲ့သည်။ ထိုနောက်ပိုင်းတွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတိုင်အောင် အသုံးပြုခြင်း မရှိတော့ပဲ သမ္မတအသစ်ဖြစ်သူ ဂျိုကို ဝီဒိုဒိုလက်ထက်တွင်မှ သမ္မတရုံးကို မာဒေးကား နန်းတော်မှ ဘိုဂေါ နန်းတော်သို့ ပြောင်းရွေ့ခဲ့သည်။
အီစတန်နာ ဘိုဂေါရှိ မူလကိုလိုနီခေတ် အဆောက်အဦမှာ ဘက်တင်ဇော့ (Sans Souci ကဲ့သို့၊ ဒတ်ချ်ဘာသာဖြင့်: Without a care) ဖြစ်ပြီး သမိုင်းကြောင်းကို ကောတ်မိစေရန် ဘာတဗီးယား၏ အပူဒဏ်နှင့် ရောဂါဘယတို့ကြောင့် ဒတ်ချ်မြို့တော်ဝန် ဆုတ်ခွာလာသည့် ၁၇၄၅ ခုနှစ်ကို ပြန်သွားရမည် ဖြစ်သည်။ "ကမ်ပွန်း ဘာရိုး"ဟု ခေါ်သော ရွာအနီးတွင် နန်းတော်သစ် ဆောက်လုပ်ရန် နေရာကို ဘုရင်ခံချုပ် ဘာရွန် ဗန် အင်ဟော့ဖ်မှ ၁၇၄၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် အိမ်တော် ဆောက်လုပ်ရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း သူတာဝန်ထမ်းဆောင်မှု ပြီးဆုံးသည့် ၁၇၅၀ ခုနှစ်အထိ အပြီးသတ်နိုင်ခဲ့ခြင်း မရှိပဲ သူ့နောက်ဆက်ခံသူ ဂျက်ကော့ မော့ဆဲလ်လက်ထက်ထိ ဆက်လက်၍ ဆောက်လုပ်ခဲ့သည်။
ဘုရင်ခံချုပ် ဟာမန်း ဝီလျံ ဒန်ဇယ်စ် (၁၈၀၈ – ၁၈၁၁) လက်ထက်တွင် နန်းတော်အား အကြီးစား ပြုပြင်မှုများကို ပြုလုပ်ခဲ့သည်။ နန်းတော်အား အထပ် ၂ ထပ်အဖြစ် ချဲ့ခဲ့ပြီး မူလလက်ရာအတိုင်း အရှေ့နှင့် အနောက်ဘက်တွင် အဆောင်တို့အား တောင်ပံသဖွယ် ဆောက်လုပ်ခဲ့သည်။
၁၈၁၁ ခုနှစ်တွင် စတမ်းဖို့ဒ် ရာဖဲလ်သည် ဂျားဗားသို့ ကျူးကျော်ခြင်းအား အောင်မြင်ခဲ့ပြီး ဘိုဂေါတောင်တန်းများကြောင့် သမမျှတသော ရာသီဥတုရှိနေသည့် ဘက်တင်ဇော့နန်းတော်ကို သူ၏ စံအိမ်အဖြစ် အသုံးပြုခဲ့ပြီး ဘာတဗီးယားရှိ Rijswijk palace တွင် ကောင်စီအစည်းအဝေးများကို ကျင်းပခဲ့သည်။ သူနေထိုင်စဉ်အတွင်းတွင် ဘက်တင်ဇော့နန်းတော် ဥယျာဉ်အား အင်္ဂလိပ် ဥယျာဉ်ကျယ်များကဲ့သို့ ပြောင်းလဲခဲ့ပြီး ဤသည်မှာ ရုက္ခဗေဒဥယျာဉ် ဖြစ်လာစေမည် အကြောင်းအစ ဖြစ်ခဲ့သည်။
နောက်တွင် ဘုရင်ခံချုပ်အသစ်ဖြစ်သူ ဘာရွန် ဗန် ဒါ ကာပယ်လင်း (၁၈၁၇ - ၁၈၂၆) လက်ထက်တွင် ပင်မအဆောက်အဦ၏ အမိုးပေါ်၌ အမိုးခုံးသေးတစ်ခု ထည့်သွင်းခဲ့ပြီး နန်းတော်မြေတွင် ရုက္ခဗေဒဥယျာဉ် တည်ဆောက်ခဲ့သည်။ သို့ပေမယ့် ၁၈၃၄ ခုနှစ်တွင် ဆာလက်မီးတောင် ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့် ဘက်တင်ဇော့နန်းတော်သည် အကြီးအကျယ် ပျက်စီးခဲ့သည်။ ပျက်စီးသွားသော နန်းတော်ကို ယနေ့ခေတ်ပုံစံအဖြစ် ပြုပြင်ခြင်း၊ ပြန်လည် တည်ဆောက်ခြင်းကို ၁၈၅၆ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး နောက်နောင် ငလျင်ဒဏ်ကို ခံနိုင်စေရန် ကြိုတင်ကာကွယ်ခြင်းအားဖြင့် ယခင် ၂ ထပ်အဆောက်အဦအစား တစ်ထပ်ဖြင့်သာ ဆောက်လုပ်ခဲ့သည်။
နိုင်ငံအရေးကိစ္စများကို ဘာတဗီးယားတွင် ပြုလုပ်နေသော်လည်း ၁၈၇၀ ခုနှစ်မှ ၁၉၄၂ ခုနှစ်အထိ အီစတန်နာ ဘိုဂေါသည် ဒတ်ချ် ဘုရင်ခံချုပ်၏ တရားဝင်အိမ်တော်ဖြင့်ခဲ့သည်။ စတင်တည်ထောင်စဉ်မှစ၍ ဒတ်ချ် အရှေ့အိန္ဒိယ၏ ဘုရင်ခံချုပ် ၄၄ ဦးသည် နန်းတော်တွင် နေထိုင်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရသောအခါ နန်းတော်၏ အသွင်အပြင် ပြုပြင်ပြောင်းလဲမှုများကို ၁၉၅၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ အဓိကပြုပြင်ပြောင်းလဲမှုများတွင် ပင်မဝင်ပေါက်ကြီး၌ ဆင်ဝင်ထည့်ခြင်း၊ ပင်မဆောင်နှင့် ဘေးအဆောင် နှစ်ခုအား ကော်ရစ်တာများဖြင့် ဆက်သွယ်ခြင်းတို့ ပါဝင်သည်။ သမ္မတ ဆူကာနို၏ အဓိက နေထိုင်ရာ နန်းတော်ဖြစ်ခဲ့ပြီး ဆူဟာနို အာဏာရသောအခါတွင် နန်းတော်အား အသုံးပြုခြင်း မရှိတောချေ။
နန်းတော်ရင်ပြင်တွင် အဆောက်အဦများစွာရှိပြီး အကြီးဆုံးအဆောင်မှာ အဆောင်နှစ်ခုထုတ်ထားသည့် ပင်မနန်းဆောင်ဖြစ်သည်။ ပင်မဆောင်တွင် နိုင်ငံတော်အကြီးအကဲအတွက် သီးသန့်ရုံးခန်း၊ စာကြည့်တိုက်၊ ထမင်းစားခန်း၊ ကပွဲဆောင်၊ ဝန်ကြီးများ စောင့်ဆိုင်းရန်အခန်း၊ ဧည့်ခန်းဆောင်၊ ပင်မဧည့်ခန်းဆောင်တို့ ပါဝင်သည်။
ပင်မနန်းဆောင်မှ ခွဲထုတ်ထားသည့် အဆောင် ၂ ခုမှာ ပင်မဆောင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် တည်ရှိသည်။ အရှေ့ဘက်ဆောင်ကို နိုင်ငံခြား နိုင်ငံတော်အကြီးအကဲ ဧည့်ရိပ်သာအဖြစ် အသုံးပြုထားပြီး ကိုလိုနီခေတ်တွင် ထိုအဆောင်ကို ဘုရင်ခံချုပ်၏ ပုဂ္ဂလိက ဧည့်ရိပ်သာအဖြစ် အသုံးပြုခဲ့သည်။ အနောက်ဘက်အဆောင်တွင် ပင်မအခန်း ၂ ခုပါဝင်ပြီး တစ်ခုကို နိုင်ငံတော်အဆင့် လည်ပတ်မှုတွင် နိုင်ငံခေါင်းဆောင်နှင့်အတူ လိုက်ပါလာခဲ့သော ဝန်ကြီးများအတွက် ဧည့်ရိပ်သာအဖြစ် အသုံးပြုပြီး အခြားအခန်းအား ဆွေးနွေးပွဲများ ပြုလုပ်ရန် အသုံးပြုသည်။ ကိုလိုနီခေတ်တွင် ထိုအဆောင်အား ဘုရင်ခံချုပ်၏ အမှုထမ်းများအတွက် အသုံးပြုခဲ့သည်။
နန်းတော်တွင် များလှစွာသော အနုပညာလက်ရာ စုဆောင်းမှုများ (ပန်းချီကား ၄၄၈ ခု၊ ရုပ်ထု ၂၁၆ ခုနှင့် ကြွေထည်လက်ရာ ၁၉၆ ခု) ဖြင့် အလှဆင်ထားသည်။ ထိုလက်ရာများ၏ ၉၀ ရာခိုင်နှုန်းကို သမ္မတ ဆူကာနိုမှ စုဆောင်းထာရှိခဲ့ခြင်း ဖြစ်သည်။ နန်းတော်၏ မူလ သမိုင်းလက်ရာ စုဆောင်းမှုများသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်များနှင့် မဟာမိတ်တပ်များမှ ယူဆောင်၍သွားခဲ့သည်။
ဥယျာဉ်သည် ၂၈.၄ ဟတ်တာမျှ ဖုံးလွှမ်းထားပြီး ဘိုဂေါ ရုက္ခဗေဒဥယျာဉ်နှင့် ကပ်လျက်တည်းရှိသည်။ အိန္ဒိယနှင့် နီပေါမျိုးရင်းဖြစ်သော သမင်ပြောက်များကို နန်းတော်ဥယျာဉ်ဝန်းကျင်တွင် တွေ့ရှိနိုင်သည်။ ထိုသမင်များသည် ဘုရင်ခံချုပ် ဒန်းနယ်မှ အမဲလိုက်အားကစားပြုလုပ်ရန် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
နန်းတော်ဥယျာဉ်ထဲ၌လည်း ရုပ်ထုများစွာဖြင့် အလှဆင်ထားလေရာ ထိုအထဲမှ မှတ်သားဖွယ် ရုပ်ထုတို့မှာ